International News

တိုယိုတာမော်တာ နှင့် NTT တို့ ပူးပေါင်း၍ Smart city ဖော်ဆောင်ရန်ပြင်ဆင်နေ

Last Updated:

ဂျပန်မှ ထိပ်တန်းကားထုတ်လုပ်သည့် တိုယိုတာမော်တာကုမ္ပဏီနှင့် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Nippon Telegraph and Telephone (NTT) တို့သည်  "smart city" ဟူ သည့် “အဆင့်မြင့် နည်းပညာသုံး မြို့တော်” ဖော်ဆောင်ရန်အတွက် ငွေလုံးငွေရင်း ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။  အဆိုပါ ကုမ္ပဏီနှစ်ခုအနေဖြင့် ယန်းငွေဘီလီယံ  ၂၀၀     (အမေရိကန်ဒေါ်လာ ၁.၈ သန်း) တန်းဖိုးရှိသော ၎င်းတို့အသီးသီး၏ ရှယ်ယာများကို ၂၀၂၀ ပြည့် နှစ်၊ ဧပြီလ ၉ ရက်နေ့တွင်  ဝယ်ယူယူသွားမည်ဖြစ်ပြီး တိုယိုတာမော်တာ၏ မူလစက်ရုံတည်ရှိရာ ရှီဇူအိုကာစီရင်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းအတွက် တိုယိုတာမော်တာက  NTT ၏ ရှယ်ယာ ၂ ရာခိုင်နှုန်းခန့်ကို ဝယ်ယူမည်ဖြစ်ပြီး NTT မှ တိုယိုတာမော်တာ၏ ရှယ်ယာ ၁ ရာခိုင်နှုန်း နီးပါးကို ဝယ်ယူမည် ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်၊ မတ်လကတည်းကပင် တိုယိုတာသည် မော်တော်ယာဉ်များနှင့် အင်တာနက်ကို ဆက်သွယ်ပေးသော "ချိတ်ဆက်ထားသောမော်တော်ယာဉ်များ" အတွက် ဆက်သွယ်ရေး နည်းပညာပလက်ဖောင်းအား သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ပူးပေါင်းဆောင်ရွက်ရန် NTT နှင့် သဘောတူခဲ့ပါသည်။ ထို့အပြင် ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တိုယိုတာသည် ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုအမျိုးမျိုးကို ချိတ်ဆက်နိုင်မည့် Shizuoka စီရင်စုရှိ Susono မြို့တွင် ချိတ်ဆက် ထားသောမြို့ ဖြစ်သော (Connected City) ကို အကောင်အထည်ဖော်မည်ဟု ကြေငြာခဲ့ပြီး မိတ်ဖက်ကုမ္ပဏီများကို ရှာဖွေနေခဲ့ခြင်း ဖြစ်ပါသည်။

ချိတ်ဆက်ထားသောမြို့ (Connected City) ကို ဖော်ဆောင်မည့် စိတ်ကူးသည် တဖြည်း ဖြည်းပိုမိုလိုအပ်လာပါကြောင်း၊ လူအသိုက်အဝန်း၊ လူသားများ၏ ဘဝနှင့် မော်တော်ယာဉ်များကို ချိတ်ဆက်ပေးသွားရန် ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း ဟု Toyota Motor ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Akio Toyoda က ပြောကြားခဲ့ပါသည်။  အလားတူပင် NTT ၏ ဥက္ကဋ္ဌ နှင့် CEO ဖြစ်သူ Mr. Jun Sawada ကလည်း  တိုယိုတာနှင့် ပူးပေါင်း၍ လူမှုအသိုက်အဝန်းဆိုင်ရာ အခြေခံ အဆောက် အအုံမျိုး ဖန်တီးဖော်ဆောင်ရန် ၎င်းတို့မျှော်လင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းကာကျယ်ပြန့်သော ဝန်ဆောင်မှုနယ်ပယ်ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းသည်  တိုယိုတာ၏ မောင်းသူမဲ့ မော်တော်ယာဉ်ကဲ့သို့ မျိုးဆက်သစ်နည်းပညာများနှင့် NTT ၏ ဆက်သွယ်ရေးဆိုင်ရာ အခန်းကဏ္ဍကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ပုံဖော်ခြင်း ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်း မော်တော်ယာဉ် ထုတ်လုပ်သူများအနေဖြင့် ချိတ်ဆက်မှု၊ အလိုအလျောက်စနစ်၊ မျှဝေခြင်းနဲ့ လျှပ်စစ်တို့ကို ဖော်ညွှန်းသည့် "CASE" အမည်ရသည့် အဆင့်မြင့် နည်းပညာကဏ္ဍများတွင် အကြီးအကျယ် ယှဉ်ပြိုင်ဆောင်ရွက်နေကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: International News